ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် အခမ်းအနားကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၉

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 အခမ်းအနားတွင် ဒုတိယသမ္မတက စီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း၏ အရေးပါမှုကိုပိုမိုသိမြင်စေ ရန်ရည်ရွယ်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများတွင် ကျင်းပခြင်း ဖြစ်ပါကြောင်း။

ယခုနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က သတ်မှတ်သည့် ရေရှည်တည်တံ့ ခရီးသွားဖွံ့ဖြိုးမှုအတွက် ပြည့်စွမ်းအား “Sustainable Tourism - a Tool for Development” ဆောင်ပုဒ်နှင့်အညီ ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းကြောင့်ရရှိသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားနှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်ရန်ရည်ရွယ်၍ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနား- ၂၀၁၇ ကို ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း။

၂၀၁၇ ခုနှစ်ကို ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အပြည်ပြည်ဆိုင်ရာနှစ်အဖြစ် ဖော်ပြ သတ်မှတ်ထားသည်နှင့်အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့တွင် အနာဂတ် မျိုးဆက်သစ်များအတွက် လိုအပ်ချက်များကို ကြိုတင်မြော်မြင် ဖြည့်ဆည်းပေးနိုင်ရေး သာမက ရေရှည် ဖွံ့ဖြိုးတိုးတက်သည့် ခရီးသွားလုပ်ငန်း ဖြစ်စေရေးဟူသည့်  ခံယူချက်ထားရှိပြီး ဒေသခံများနှင့် ဖောက်သည်များကြား ပိုမိုနားလည် သိမြင်လာစေရေး အတွက် ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် အစိုးရအဖွဲ့အစည်းများ အနေဖြင့် သင့်လျော်မှန်ကန်သည့် မူဝါဒများ ချမှတ်ရေးတို့ကို ပိုမိုတွန်းအားပေးရန်  ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ် တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံးတွင် နိုင်ငံတကာ ခရီးသွားလာသူ အရေအတွက်သည် ၁ ဒသမ ၂ ဘီလီယံ ကျော်ရှိ ခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် ၁ ဒသမ ၈ ဘီလီယံအထိ ရောက်ရှိလာလိမ့်မည်ဟု ခန့်မှန်း ထားပါကြောင်း၊ ယခုကဲ့သို့ တိုးတက်လာသည့် အရေအတွက်၏ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံအတွင်းခရီးသွား ဧည့်သည်ဝင်ရောက်မှုသည်လည်း တိုးတက်လာမည်ဟု မျှော်လင့်ရပါကြောင်း၊  ၂၀၁၆ခုနှစ်က မြန်မာနိုင်ငံအတွင်း ခရီးသွားဧည့်သည် ၂ ဒသမ ၉ သန်းဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ခရီးသွားဧည့်သည် ၃ ဒသမ ၅ သန်းအထိလာ ရောက်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လထိ မြန်မာနိုင်ငံ အတွင်း လာရောက်သည့် ခရီးသွားဧည့်သည် ၂ ဒသမ ၂၇ သန်း ရှိခဲ့ပြီး ယခင်နှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၂၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါကြောင်း၊  ကမ္ဘာတစ်ဝန်း လုံးအတိုင်းအတာဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့် ပြည်တွင်းအသားတင် ထုတ်ကုန် တန်ဖိုး(GDP)၏ ၁၀ ရာခိုင်နှုန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၇ ရာခိုင်နှုန်းဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ ကမ္ဘာ့အလုပ်အကိုင်ကြီး (၁၁)မျိုးတွင် ခရီးသွားလုပ်ငန်းသည်  အလုပ်အကိုင်(၁)မျိုးအဖြစ် ပါဝင်နေသည်ကို မြင်တွေ့ကြရမည် ဖြစ်ပါကြောင်း၊

ခရီးသွားလုပ်ငန်း၏ တိုးတက်ဖြစ်ထွန်းနိုင်ခြေအပိုင်းကို ကြည့်မည်ဆိုလျှင် ခရီးသွား လုပ်ငန်းများလုပ်ကိုင်မှုနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် ပတ်သက်နေသည့် စီးပွားရေး လုပ်ငန်းများဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများသည် တိုးပွားလာဦးမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ပို့ကုန်ကဏ္ဍတွင် တတိယနေရာ ရောက်ရှိနေသည့်  လုပ်ငန်း ဖြစ်သည့်အတွက် လုပ်ငန်းနှင့် သက်ဆိုင်သူများ အနေဖြင့်လည်း ရေရှည်အကျိုးစီးပွား ဖွံဖြိုးတိုးတက်မှုကို စဉ်းစား ဆောင်ရွက်ကြရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း။

ခရီးသွားလုပ်ငန်းသည် လူသားအချင်းချင်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်သည့် အတွက် နိုင်ငံအတွင်းသို့ ဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ရေးအတွက် ဧည့်သည်များ၏ စိတ်ကျေနပ်မှုရရှိရန် အလေး ဂရုပြုကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေး တွန်းအားပေးရခြင်းသည် စီးပွားရေးတစ်ခုတည်း အတွက်သာ ရည်ရွယ်ခြင်းမျိုး မဟုတ်ဘဲ မတူညီကြသည့် လူမျိုးများနှင့်  ယဉ်ကျေးမှုများအကြား နားလည်မှုများ ပိုမို ရရှိလာကြစေရေးကိုလည်း ရည်ရွယ်ပါ ကြောင်း၊ လျင်လျင်မြန်မြန်ဖွံဖြိုးတိုးတက်နေသည့် ခရီးသွားလုပ်ငန်းသည် ရေရှည်အကျိုး ကျေးဇူးများ ရရှိခံစားနိုင်ကြစေရန်နှင့် ခရီးသွားလုပ်ငန်းကြောင့် ရင်ဆိုင် ကြုံတွေ့လာနိုင်သည့်  စိန်ခေါ်မှုများနှင့် ကျရှုံးနိုင်မှုများအတွက် မျှော်မှန်းပြီး လိုအပ်သည့် အစီအမံများနှင့် ကြိုတင် ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊

ခရီးသွားလုပ်ငန်း တိုးတက်လာသည်အမျှ မြန်မာနိုင်ငံသည်လည်း ခရီးသွားများ ပိုမိုလာရောက် လည်ပတ်နေကြသည့် နိုင်ငံတစ်ခု ဖြစ်လာပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ပိုမိုထူးခြားဆန်းပြားသည့် နေရာများနှင့် ခရီးစဉ်များ ရှိနေပါကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝ အလှတရားများနှင့် တောရိုင်းတိရစ္ဆာန်များ ပေါများသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဆီးနှင်းများ ဖုံးလွှမ်းနေသည့် တောင်များ၊ တောင်တန်းများနှင့် တိုင်းရင်းသားလူမျိုးစုများ၏ ထူးခြားသည့် ဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည် ဖြစ်ပါကြောင်း၊  အရှေ့တောင်အာရှတွင် ရှေးဟောင်း အမွေအနှစ်များရှိရာ အကောင်းဆုံးဒေသများတွင် တစ်ခု အပါအဝင် ဖြစ်သည့် ပုဂံဒေသ၏ အံ့ဩစရာကောင်းသည့်  ရှုခင်းများကိုလည်း မြင်တွေ့နိုင်မည် ဖြစ်ပါကြောင်း၊  ထို့ပြင် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းဒေသရှိ မြိတ်ကျွန်းစုသည် မပျက်စီး မထိခိုက်သေးသည့် သဘာဝအတိုင်း တည်ရှိနေသော ကျွန်းပေါင်း (၈၀၀)ကျော်နှင့် ဖွဲ့စည်းထားပြီး သဘာဝ အခြေခံခရီးသွား လုပ်ငန်းနှင့် အဏ္ဏဝါခရီးသွားလုပ်ငန်း စိတ်ဝင်စားသူများကို ဆွဲဆောင်လျက်ရှိပြီး သာယာ လှပသည့် သဘာဝရှုခင်းများကိုလည်း လာရောက်ကြည့်ရှု လေ့လာခံစားနိုင်သည့် ဒေသကြီး တစ်ခုဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်နိုင်ရေး အဆင်ပြေ ချောမွေ့စေရန် တတ်နိုင်သမျှ ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ရန် ထိန်းသိမ်းရေးအတွက် ခရီးသွားဧည့်သည်များကလည်း တာဝန်သိစိတ်ဖြင့် ခရီးသွားရေးသည် အရေးကြီးပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်ပြီး ကဏ္ဍပေါင်းစုံအပေါ် သက်ရောက်မှုရှိသည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ ပိုမိုပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

နိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများအနေဖြင့် ပိုမိုနီးနီးကပ်ကပ် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် မြိတ်ကျွန်းစုကို အခြေပြု၍ သဘာဝ အခြေခံခရီးသွားလုပ်ငန်း (Nature Based Tourism)၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း ကျေးလက်ဒေသ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများနှင့် ပုဂံ-ဆီရမ်ရိ(ပ်) အကြား “ရှေးဟောင်း အမွေအနှစ်မြို့တော်(၂)ခု ခရီးစဉ်ဒေသတစ်ခု” အဖြစ် ပူးပေါင်း ဆောင်ရွက်ရေးစသည့် လုပ်ငန်းစဉ်များဖြင့် ခရီးသွားလုပ်ငန်းဖွံဖြိုး တိုးတက်ရေးကို ရည်ရွယ် ဆောင်ရွက်လျက် ရှိပါကြောင်း၊  ဆောင်ရွက်ချက်များသည် ဒေသခံများ၏ လူနေမှု အဆင့်အတန်း မြင့်မားတ ိုးတက်ရေးကို ရည်ရွယ်ပြီး ခရီးသွားလုပ်ငန်းကိုလည်း ရေရှည်တည်တံ့အောင် ရှေးရှုဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  United Nations World Tourism Organization- UNWTO အထွေထွေ အတွင်းရေးမှူးချုပ်၏ “ကျွန်ုပ်တို့ဟာ ခရီးသွားလာတဲ့ အချိန်တိုင်း၊ ခရီးသွားတဲ့ နေရာတိုင်းမှာ အိမ်ရှင်ဒေသရဲ့ သဘာဝ၊ ယဉ်ကျေးမှုတွေနဲ့ အိမ်ရှင်နိုင်ငံ အပေါ် လေးစားမှုရှိကြပါ” ဟူသည့် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အတွက် ပြောကြားခဲ့သည့် အမှာစကားကို အစဉ်အမြဲ သတိရကြပါဟု ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် UNWTO အထွေထွေ အတွင်းရေးမှူးချုပ် Dr. Taleb Rifai ၏ သတင်း စကားရုပ်သံကို ပြသသည်။

ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းထင်၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်တင်မာမြင့်နှင့် ချယ်ရီပန်းပွဲတော် ကျင်းပရေးကော်မတီဝင် ဦးရဲထွန်းဦးတို့က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် JATA Tourism Expo - 2017 တွင် ဆောင်ရွက်ခဲ့မှုများနှင့် Sakura Festival Myanmar – 2018 ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက်  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗ်ိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးကျော်ဝင်း၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ နှင့် ဦးအုန်းမောင်တို့ က  ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးနှင့် ကျပန်းစကားပြောပြိုင်ပွဲများ တွင်ဆုရရှိကြသူများ၊ ဝန်ဆောင်မှု စွမ်းရည် အကောင်းဆုံးဆုရရှိသည့် ဟိုတယ်များနှင့် ခရီးသွားကုမ္ပဏီများ၊ ၂၀၁၆ ခုနှစ် အတွက် ဦးဆောင်မှု အကောင်းဆုံးရင်းနှီးမြှပ်နှံမှု ဟိုတယ်ဆုနှင့်   Community Based Tourism – CBT အအောင်မြင်ဆုံးဆု ၊ သန့်ရှင်းသော အများသုံးသန့်စင်ခန်း အကောင်းဆုံး စီစဉ်ဆောင်ရွက်နိုင်မှု (Clean Public Toilet) ဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး Best ASEAN New Tourism Attraction in the Region (PUTAO, EASTERN, HIMALAYAN, MYANMAR)  ဆုရရှိခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် ဓာတ်ပုံပြပွဲ၊ ဆုရစာစီစာကုံးများနှင့် မြန်မာ့ရိုးရာအစားအစာ တည်ခင်းပြသ ထားမှုများကို လှည့်လည်ကြည့်ရှုသည်။

(သတင်းစဉ်)