နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲ မကွေးမြို့၌ ကျင်းပ

မကွေး အောက်တိုဘာ ၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ တစ်ရပ်အား မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဘုရားဝင်းအတွင်း၌ အောက် တိုဘာ ၇ ရက် ညနေပိုင်းက ကျင်းပခဲ့ပြီး ယင်းထောက်ခံပွဲကို နိုင်ငံရေးပါတီ၏ အရောင် လွှမ်းမိုးမှုများမပါဘဲ ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ထောက်ခံပွဲပြုလုပ်ဖို့ လူမှုရေးအဖွဲ့ အစည်းတွေ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေ စုဝေးပြီး အစည်းအဝေးတွေ ထိုင်ခဲ့ကြတယ်။ နိုင်ငံရေးအားပြိုင်ပွဲ မဟုတ်တာက တစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဦးတည် ဖော်ဆောင်နေတဲ့အချိန် ဖြစ်တာက တစ်ကြောင်း၊ အပြာရောင်အင်္ကျီတွေ အထည် ၃၅၀ လောက် တံဆိပ်ရိုက်ပြီး ဝတ်ခဲ့ကြတယ်။ ပါတီရောင်တွေ၊ ပါတီ လွှမ်းမိုးမှုတွေမပါဘူး”ဟု ထောက်ခံပွဲ တွင် တက်ရောက် ဆွေးနွေးဟောပြော ခဲ့သူ ဦးဌေးလင်း(သဒ္ဓါရှင်)က ပြောသည်။

စက်တင်ဘာ၁၉ ရက် နိုင်ငံတော် အခြေပြ မိန့်ခွန်းအပေါ် နိုင်ငံတကာမှ ဖိအားပေးနေသည့်အချိန်တွင် အမေ နှင့်အတူ ပြည်သူတစ်ရပ်လုံး ရှိသည်ဆို သော အဓိပ္ပာယ်မျိုးကို ဖော်ဆောင်ချင် သည့်အတွက် ပါတီတစ်ခု၊ အဖွဲ့အစည်း တစ်ခုကို ကိုယ်စားပြု လုပ်ဆောင်သည့် ပုံရိပ်မျိုးမဟုတ်ဘဲ ပြည်သူ့အားဖြင့် ဝိုင်းဝန်း ထောက်ခံသည့် ပွဲဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်ခဲ့သူ ဒေါ်စီစီမိုးက ဆိုသည်။

ထောက်ခံပွဲတွင် နိုင်ငံတော် အလံအား အလေးပြုခြင်း ၊ ဒီမိုကရေစီတိုက်ပွဲ တွင် ကျဆုံးသွားသော ရဟန်းသံဃာနှင့် ပြည်သူများကို တစ်မိနစ်ငြိမ်သက်၍ အရိုအသေပေးခြင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မှ မကြူကြူခိုင်နှင့် ဦးကိုကိုနိုင်၊ စားသောက်ဆိုင် လုပ်ငန်းရှင်များနှင့် သဒ္ဓါရှင် ရှင်သန်မှု ကူညီရေးအဖွဲ့မှ ဦးဌေးလင်း၊ စာရေးဆရာ ထင်လင်းဦး တို့က ထောက်ခံဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

“ထောက်ခံပွဲလုပ်တာနဲ့ ပတ်သက် ပြီး တချို့ ဝေဖန်တာတွေရှိတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရ ပြောရ ရင် ပြည်တွင်း၊ ပြည်ပ ဖိအားတွေဝင်နေတဲ့ အချိန်မှာ ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့အတူ တစ်သဘောတည်း ရှိနေတယ်ဆိုတာ နိုင်ငံတကာကလည်း သိဖို့လိုပါတယ်။ လိုလို့ လုပ်ရတဲ့ ထောက်ခံပွဲဆိုတာ သိစေ ချင်ပါတယ်”ဟု ပွဲတက်ရောက်လာသူ ကိုနေမိုးဆွေကျော်က ပြောသည်။

ထောက်ခံပွဲတွင် စည်ဖြိုးသူအဖွဲ့က တေးဂီတဝိုင်းဖြင့် ဖျော်ဖြေခြင်း၊ ဗီနိုင်းပေါ် တွင် အမှတ်တရစာစုများ ရေးသားခြင်း၊ အခမဲ့ တံဆိပ်ရိုက်အလှူရှင် ကိုနိုင်က အင်္ကျီမရလိုက်သူများ၏ အင်္ကျီများကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မျက်နှာပုံပါတံဆိပ်များ ရိုက်ပေးခြင်း၊ လူမှု ရေး အဖွဲ့အစည်း(၂၈)ဖွဲ့မှ ထောက်ခံပွဲ အပြီး အမှိုက်သိမ်းခြင်းများ လုပ်ဆောင် ခဲ့ကြကြောင်း သိရသည်။

ဇေယျတု(မကွေး)

ရဲဝင်းနိုင် (ညောင်ဦး)