ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ပါဝင်သူအားလုံးဟာ မလျှော့သော ဇွဲလုံ့လနဲ့ ကြိုးပမ်း ဆောင်ရွက် သွားကြမယ်ဆိုရင် တိုင်းရင်းသားပြည်သူအားလုံးတို့ မျှော်မှန်းတောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာဖြစ်

Fri, 09/15/2017 - 08:07 -- moi-admin

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် (၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

လေးစားအပ်ပါသော ပြည်သူများခင်ဗျား-

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ဒီမိုကရေစီအနှစ်သာရများကို အပြည့်အဝရရှိခံစားနိုင်ကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သ လိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တာ ယခုနှစ်ဆိုလျှင် သတ္တမအကြိမ် ရှိပြီဖြစ်ပါတယ်။ ယနေ့မြန်မာနိုင်ငံဟာ ဒီမိုကရေစီကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာ ၀ပြောရေး စတဲ့ပန်းတိုင်တွေကို တည်ဆောက်နေရချိန် ဖြစ်ပါတယ်။ ဒီပန်းတိုင်သုံးခုဟာ တစ်ခုနဲ့တစ်ခု ဆက်နွှယ်ဆက်စပ်နေသလိုအပြန်အလှန်လည်း အထောက်အကူပြုနေပါတယ်။ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ကို တက်လှမ်းပြီး ခြေလှမ်းတွေတစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းနေရပြီဖြစ်ပေမယ့် ဒီမိုကရေစီ တည်ဆောက်ရေးဟာ ကာလရှည်ကြာ အချိန်ယူရမယ့် ခရီးရှည်ကြီးတစ်ခုပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ဒီမိုကရေစီ ဆိတ်သုဉ်းနေခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အလင်းရောင်၊အလင်းစတွေ တွေ့မြင်လာရတာ မကြာ သေးဘူးလို့ ဆိုနိုင်ပါတယ်။

ရှေ့ဆက်ကြရဦးမယ့် လမ်းကြောင်းတစ်လျှောက် အောင်မြင်ချောမွေ့စွာ ဖြတ်သန်းကူးပြောင်းနိုင်ဖို့၊ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်၊ ရေရှည်ရှင်သန်တည်တံ့တဲ့ ဒီမိုကရေစီစနစ်မျိုးဖြစ်လာဖို့ ပြည်သူအားလုံး မဆုတ် မနစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရဦးမှာ ဖြစ်ပါတယ်။

ပြည်သူများခင်ဗျား-

ဒီမိုကရေစီစနစ် ကျင့်သုံးရာမှာလည်း ပြည်သူအများစုရဲ့ မျှော်လင့်ချက်၊ လိုလားတောင့်တချက်များကို ဖြည့်ဆည်း ပေးနိုင်ဖို့ ဦးစားပေးဆောင်ရွက်ရမှာဖြစ်သလို လူနည်းစုများရဲ့ အရေးကိစ္စရပ်များကိုလည်း မလွဲ မသွေ ထည့်သွင်းစဉ်းစား ဆုံးဖြတ်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ကြရာမှာ ပြည်သူ များရဲ့ မျှော်လင့်ချက်များကို တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ထင်သာမြင်သာရှိမှု စတဲ့ ဒီမိုကရေစီ စံနှုန်းများနဲ့အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ကြဖို့ အထူးအရေးကြီးပါတယ်။

ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုများဟာ နိုင်ငံအသီးသီးတို့ရဲ့ သမိုင်းနောက်ခံအခြေအနေများ၊ လူမှုဘ၀ ပုံစံများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ နှုန်းစံတန်ဖိုးများပေါ်တွင်သာမက သက်ဆိုင်ရာနိုင်ငံအတွင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ ပေါ်မှာလည်း မူတည်ကာ ပုံသဏ္ဌာန် အမျိုးမျိုး၊ ချဉ်းကပ်မှု အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

မည်သို့ပင်ဖြစ်စေ ပြည်သူပြည်သားတို့ရဲ့ စိတ်နေစိတ်ထား ရင့်ကျက်ပြည့်ဝမှု၊ အတွေးအခေါ်မြင့်မားမှုနဲ့ စည်းကမ်းကောင်းမွန်မှုတို့ဟာ ဒီမိုကရေစီဖော်ဆောင်မှုအောင်မြင်ဖို့ အဓိကကျတဲ့အချက်များ ဖြစ်နေ ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစု အများအပြားနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မတူကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးတို့လည်း ဒွန်တွဲတည်ရှိနေပါတယ်။ မတူ ကွဲပြားမှုတွေအကြားမှာလိုက်လျောညီထွေ သဟဇာတဖြစ်ရေးနဲ့ ညီညွတ်စွာပေါင်းစည်းနိုင်ရေးဟာ အလွန် အရေးကြီးပါတယ်။ ဒီလိုပေါင်းစည်းရာမှာ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ် တစ်ရပ် ပေါ်ထွန်းလာဖို့ လိုအပ်နေပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုနဲ့ တိုက်ရိုက်ဆက်စပ်လျက်ရှိနေပြန်ပါတယ်။

ယခုအခါ နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပေါ်ရေးကို “ပြည်သူ နှင့်အတူ” ကြိုးပမ်းတည်ဆောက်လျက်ရှိပြီး တစ်ချိန်တည်းမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း အထူးဝါယမစိုက် ကြိုးပမ်း လုပ်ဆောင် နေချိန် ဖြစ်ပါ တယ်။

ပြည်သူများခင်ဗျား-

မကြာမီက ကျင်းပပြီးစီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ပြည်သူ ပြည်သားများ နှစ်ပေါင်းများစွာ မျှော်မှန်းခဲ့တဲ့ အိပ်မက်တွေ လက်တွေ့ အကောင်အထည် ပေါ်လာစေဖို့ တိုင်းရင်းသား ကိုယ်စားလှယ်များနဲ့ အဖွဲ့အစည်းများစွာတို့ စုပေါင်းဆွေးနွေးခဲ့ကြပါတယ်။

ဒီမိုကရေစီနည်းလမ်းကျတဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာဟာ တိုင်းရင်းသား ပြည်သူ လူထု တစ်ရပ်လုံးထံမှ ဆင်းသက်ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ်အရ တိုင်းရင်းသား လူမျိုး တိုင်းဟာ လူမျိုးရေးနဲ့နိုင်ငံရေးအရ တန်းတူညီမျှရှိရုံသာမက ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ရိုးရာအစဉ်အလာတို့ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခွင့်လည်း ရှိရမှာဖြစ်ပါတယ်။ ဒီမိုကရေစီ တည်ဆောက်ရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ လူမှု အသိုက် အဝန်း များအဖြစ် တိုးမြှင့်ကြရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင်လူတိုင်းအတွက် မျှတတဲ့ တရားစီရင်မှု ရရှိစေဖို့နဲ့ ထိရောက်ပြီး ယုံကြည်အားထားနိုင်တဲ့၊ အားလုံးပါဝင်တဲ့ အဖွဲ့အစည်းများကို အဆင့်အသီးသီးမှာ တည်ထောင်ဖို့လည်း လိုအပ်ပါတယ်။

ပြည်သူတို့ရဲ့ ငြိမ်းချမ်းရေးလိုလားချက်ကို အခြေခံပြီး အင်အားစုအားလုံးဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးပေါ်ထွန်းလာမည်ဆိုပါက ဒီမိုကရေစီ ပြည့်ဝတဲ့ ပေါင်းစည်းညီညွတ်တဲ့ လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ပါဝင်သူအားလုံးဟာ မလျှော့သော ဇွဲလုံ့လနဲ့ ကြိုးပမ်း ဆောင်ရွက် သွားကြမယ်ဆိုရင် တိုင်းရင်းသားပြည်သူအားလုံးတို့ မျှော်မှန်းတောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကြီးကတစ်ဆင့် မိမိတို့ နိုင်ငံသား အားလုံး မျှော်မှန်းထားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက် နိုင်ဖို့အတွက် နိုင်ငံသားတစ်ဦးချင်းကလည်း “ပြည်သူများနှင့်အတူ” ဆိုတဲ့ ဒီမိုကရေစီ စိတ်ဓာတ် အင်အား များနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်တည်ဆောက်သွားကြပါလို့ အလေးအနက်တိုက်တွန်းအပ်ပါတယ်။

Featured News: 
1